Beauty and Ice
နေရှိန်ပြင်းတဲ့ နေ့တွေကို ဆောင်းနေ့လယ် တွေမှာရော၊ လာမယ့်နွေ မှာပါ ဖြတ်ကျော် ကြရမယ့် မေတို့ အတွက် အေးမြ တဲ့ ဖျော်ရည်လေးတွေ ၊ ရေခဲရေတွေ ကို တောင့်တ မိကြမှာပါ။ သောက်လို့ ကောင်းပေမဲ့ လည်ချောင်းနာ တတ်တဲ့ အေးတဲ့ အရည်တွေ ကိုတော့ သိပ်ပူတဲ့ အချိန်မှာ မသောက် ဖို့ သတိပေးချင် ပါတယ်။ ချိုမြတဲ့ အသံလေးတွေ ကို အက်သွားနိုင်၊ လည်ချောင်းလေးတွေ နာသွားနိုင် တဲ့အပြင် ရာသီဥတု အပူရှိန် အရမ်းပြင်းရင် ရှော့ခ်ရနိုင် တာကြောင့်ပါ။ ဒါပေမဲ့ အချိန် အခါ နေရာ နဲ့သုံးတတ်မယ် ဆိုရင် ဒီ ရေခဲတုံးလေးတွေ က နေပူရှိန်လောင်၊ နေလောင်နွမ်းလျ နေတဲ့ မေပျိုတို့ကို အလှ ပိုစေနိုင်တဲ့ အရာလေးတွေပါ။ ရေခဲတုံးလေးတွေ က ဘယ် လို လှစေနိုင်မလဲ ဆိုတဲ့ နည်းလမ်း အသွယ်သွယ်ကို လေ့လာကြည့်ရ အောင်။
ရေခဲတုံးလေးတွေ ဟာ မိတ်ကပ်မပါဘဲ မျက်နှာကို လန်းဆန်း သွားစေနိုင်ပါတယ်။ သင်ဟာ အလျင်စလို နဲ့ အပြင်သွားရမယ်၊ မိတ်ကပ်တောင် မလိမ်းအားဘူး ဆို ရင်တော့ ရေသန့် ရေခဲတုံးလေး ၂ တုံးလောက် နဲ့ မျက်နှာကို ပွတ် ပေးပြီး မျက်နှာကို လန်းဆန်း သွားအောင် လုပ်ပြီး အပြင်သွားလို့ ရပါတယ်။
နေ့စဉ် မျက်နှာပေါ်မှာ ရေခဲတုံးလေးတွေ နဲ့ ပွတ်ပေးမယ် ဆိုရင် မျက်နှာ သွေးလည်ပတ်မှု ကိုအားကောင်းစေပြီး အရေးကြောင်းတွေ ကို ကာကွယ် ပေးပါတယ်။ အရွယ် မတိုင်မီ အိုမင်း ရင့်ရော်မှု ကိုလည်း သက်သာစေပါတယ်။
အကြည့်ရ ဆိုးတဲ့ မျက်နှာပေါ်က ချွေးပေါက် ကျယ်ခြင်းတွေကို လည်း ရေခဲတုံးလေးတွေ က ကုစားပေးနိုင်လို့ ချွေးပေါက်ကျယ် သူတွေလည်း မျက်နှာပေါ် မှာရေခဲ တုံးလေးတွေ ပွတ်ပေးလို့ ရပါတယ်။ ဒီနည်းလမ်းက အဆီပိုတွေ ထုတ်လွှတ်မှု ကိုလည်း လျှော့ချပေးနိုင် ပါတယ်။ ဒါကြောင့် ရေခဲတုံးလေးနှစ်တုံး ကို ပဝါသန့်သန့်လေး ထဲမှာ ထည့်ချည်ပြီး အရည်ပျော် သွားတဲ့အထိ မျက်နှာ ပေါ်မှာ ပွတ်ပေးပါ။
နေလောင်တာကို ကုစားဖို့လည်း ဒီနည်းပါပဲ။ နေပူထဲ ထွက်လိုက်ရလို့ နီမြန်း နေလောင်နေတာ တွေကိုလည်း ရေခဲ ထုတ်ထားတဲ့ ပဝါလေးနဲ့ လိုက်ပွတ် ပေးလိုက်ပါ။ ချက်ချင်း သက်သာစေပါ လိမ့်မယ်။
အလှဖျက်တဲ့ ဝက်ခြံတွေ နဲ့ ပတ်သက်ရင် လည်း ရေခဲတုံးလေးတွေက အရာ ရောက်ပြန်ပါရော။ သွားစရာ လာစရာ ရှိခါနီး ရောင်ရမ်းနေတတ် တဲ့ ဝက်ခြံဖုလေးတွေ ရှိရင် ရေခဲတုံးလေး ကို အဲဒီ နေရာမှာ တင်ပေးလိုက်ပါ။ သိသိသာသာ ကိုပဲ နီမြန်း ရောင်ရမ်းတာ လျော့သွားမှာပါ။
နံနက် သို့မဟုတ် ညနေခင်းတိုင်း ရေခဲတုံး လေးတွေနဲ့ မျက်နှာနဲ့ လည်ပင်းကို ပွတ်ပေးတာက ချွေးပေါက်လေးတွေ ကို ပွတ်၊ အစက် အပျောက်တွေ လျော့ ပါးပြီး သွေး လည်ပတ်မှု ကို ကောင်းစေပါ တယ်။
မိတ်ကပ်လိမ်းထားတာ ကြာကြာခံချင်ရင် လည်း မိတ်ကပ်မလိမ်းခင် မျက်နှာသစ်ပြီးတဲ့အခါ မျက်နှာပေါ် ရေခဲတုံးလေးတွေနဲ့ ပွတ်ပေးပါ။
နေပူရှိန်ကြောင့် မျက်နှာမှာ ရေဓာတ်ခန်း ခြောက်လို့ မသက်မသာ ခံစားရတိုင်း ရေခဲတုံး လေးတွေယူပြီး ပွတ်လိုက်ပါ။
စိတ်ဝင်စားဖို့ကောင်းပြီး အထိအတွေ့ ဆန်းစေတဲ့ အရာတစ်ခု လုပ်ရအောင်။ ရိုးရိုးရေနဲ့ လုပ်ထားတဲ့ ရေခဲအစား ပန်းသီး၊ ဖရဲသီး၊ သခွား သီး၊ ရှားစောင်း လက်ပပ် ဂျယ်လီ၊ လိမ္မော်သီးစတဲ့ အသားအရေ အားဖြစ်စေတဲ့ အသီးတွေထဲက တစ်ခုခုကို ခြစ်ပြီး ရေနည်းနည်း နဲ့ရောလို့ ရေခဲ ခွက်လေးတွေ ထဲထည့် ရေခဲသေတ္တာ ထဲ ထား လိုက် ရင် သစ်သီးရေခဲတုံးလေး ကိုရမယ်။ ဒါကို ပွတ် ပေးရင် ရေခဲနဲ့ အဲဒီ သစ်သီးနှစ်ခုစလုံး ဆီက ကောင်းခြင်းတွေ ကို ကျွန်မ တို့ရနိုင်ပါတယ်။
လက်ဖက်စိမ်း အရည် ဒါမှမဟုတ် လက်ဖက် ခြောက် အကြမ်းရည်နဲ့ ရေခဲလုပ်ပြီး ပွတ်ပေးရင် လည်း အမည်းစက်တွေ လျော့ပါးပြီး နုပျိုမှုကို အားပေးပါတယ်။ ပိုပြီး ထိရောက် လိုရင်တော့ သံပရာရည် နှစ်စက်လောက် အဲဒီ အရည်ထည့်ပြီး ရေခဲတုံး လုပ်ရတယ် လို့ မှတ်သားဖူးပါတယ်။
ကိုယ့်ရဲ့ အနားယူချိန်ကို မနည်းရှာနေရတဲ့ ခေတ်သစ် ပျိုမေတို့အတွက် မျက်ကွင်းလေးတွေ ညိုနေတတ်တာ၊ ဖောင်းအစ်နေတတ် တာအတွက် လည်း သခွားရည် နဲ့ ရေခဲတုံး လုပ်ပြီး ပွတ်ပေးပါ။ တဖြည်းဖြည်း သက်သာပြီး ညိုမည်း တတ်တာ၊ မို့အစ်နေတာတွေ သက်သာသွားမှာပါ။
တစ်နေကုန် ကွန်ပျူတာနဲ့ လက်တော့ပ်တွေ ကိုင်ပြီး နွမ်းနေတတ်တဲ့ မေတို့မျက်လုံးလေးတွေ အတွက် မျက်ခွံလေးပေါ်မှာ ရေသန့် ရေခဲလေးနဲ့ တစ်ခဏပွတ်လိုက်တာနဲ့ လန်းဆန်း အေးမြမှုကို ပြန်ရမှာပါ။
သတိပြုစရာ
ရေခဲတုံးငယ် ၂ တုံးထက် ပိုမသုံးပါနဲ့။ အသားအရေကို ပြဿနာဖြစ်စေနိုင်ပါတယ်။
ရေခဲကို တိုက်ရိုက် မကပ်ဘဲ ပိုကောင်းတာ ကတော့ ချည်ပဝါ သန့်သန့်လေးထဲမှာ ထည့်ထုတ် ပြီးတော့ ပဲဖြစ်ဖြစ် ဇစ်ပိတ်လို့ရတဲ့ ပလတ်စတစ် အိတ်ထဲမှာ ထည့် လို့ပဲဖြစ်ဖြစ် အရင်ထည့်ပြီးမှ ရေခဲ တင်ချင်တဲ့နေရာ ကို အသာကပ်ပေးပါ။
ပိုက်လိုင်း ကလာတဲ့ ရေနဲ့လုပ်တဲ့ ရေခဲထက် သောက်ရေသန့် နဲ့လုပ်တဲ့ ရေခဲကိုပဲသုံးပါ။
အသာအယာနဲ့ မြန်မြန် ဆန်ဆန် လုပ်ပါ။ မျက်လုံးဝန်းကျင် ရေခဲ တိုက်ရိုက်ထိတွေ့မှုကို တတ်နိုင်သမျှရှောင်ပါ။
၂ ပတ်၊ ၃ ပတ်လောက် အတွင်း သိသာတဲ့ ရလဒ်ကို တွေ့ရမှာပါ။
မာဦး