ကျွန်မက အလှအပကို သိပ်စိတ်မဝင်စား လှပေမဲ့ သူငယ်ချင်းတွေ ရဲ့ကောင်းမှုကြောင့် အလှကုန် ပစ္စည်းပေါင်း များစွာနဲ့ ရင်းနှီး ခဲ့ပါတယ်။ သူငယ်ချင်း တော်တော် များများ က ကမ္ဘာကျော် အလှကုန် Brand တွေမှာ အလုပ် လုပ်နေကြတာမို့ အလှကုန် ပစ္စည်း တစ်ခု မိတ်ဆက်ပြီ ဆိုတာနဲ့ အိမ်မှာ ကြော်ငြာတော့ တာပါပဲ။ ယူအေ အီးနိုင်ငံ ဟာ ကမ္ဘာ့ အလှကုန်ဈေးကွက်မှာ နာမည်ကျော် ပါတယ်။ ယူအေအီးနိုင်ငံသူ တစ်ယောက်ရဲ့ အလှကုန် အသုံးစရိတ်ဟာ တစ်လကို အမေရိကန် ဒေါ်လာ သုံးသောင်း နဲ့ အထက်မှာ ရှိတယ်လို့ ဆိုကြပါတယ်။
ပျိုပျိုအိုအို အရွယ်သုံးပါး မိန်းမသားတွေ အတွက် အင်မတန် အသုံးဝင်လှတဲ့ အလှကုန် ပစ္စည်းလေး တစ်မျိုးကို မကြာခင်က သိခွင့်ရခဲ့ပါ တယ်။ အကြောင်း အမျိုး မျိုးကြောင့် ခေါင်းလျှော် ဖို့ မအားလပ်ကြတဲ့ ပျိုမေတွေ အလွယ်တကူ အသုံးပြုနိုင်တဲ့ Dry Shampoo လေးကို Sephora မှာ လုပ်နေတဲ့ အခန်းဖော်လေး က မိတ် ဆက်ပေး ပါတယ်။
အခုလို မိုးဦးဝင်စ အချိန်မှာ မိုးရေစိုပြီး မစို မခြောက်ဖြစ်နေတဲ့ ဆံပင်တွေကို ချက်ချင်းခေါင်း မလျှော်နိုင်တဲ့ အချိန်မှာလည်း အလွယ်တကူ အသုံးပြုနိုင်ပါသေးတယ်။
ဘူးရဲ့ ပုံစံလေးကတော့ Hair Spray ဘူးလေးလို ခပ်သေးသေးပါပဲ။ သုံးစွဲ ရတာလည်း လွယ်ကူပါတယ်။ ကျွန်မ ကိုယ်တိုင်လည်း အလုပ် တွေများ လို့ ခေါင်းလျှော်ဖို့ အချိန် မပေးနိုင်တဲ့ နေ့တွေမှာ သုံးကြည့်တော့ တော်တော်လေး အဆင်ပြေတာ ကို တွေ့ရပါတယ်။
ဦးရေပြားကို မထိအောင် ဆံပင်တွေပေါ်ကို ဖျန်းပြီး လက်ကလေး နဲ့ သာသာလေး ဖွပေးရုံပါပဲ။ ခေါင်းပေါ်က ဆံပင်တွေကို ပြန့်သွားအောင် ဖျန်းပြီး ခပ်ဖွဖွလေး လက်နဲ့ ဖွပေးနေတဲ့ အချိန်မှာတော့ လန်းဆန်းတဲ့ အထိအတွေ့ နဲ့အတူ မွှေးကြိုင် ပေါ့ပါးသွားတဲ့ ဆံနွယ်တွေကိုတွေ့ရပါတယ်။
Spray ဖျန်းပြီးတဲ့ အချိန် မှာတော့ ကြေးတွေ နဲ့စေးကပ်ပြီး ပြားချပ်နေတဲ့ ဆံပင်တွေဟာ ခေါင်း လျှော်ပြီး Dryer မှုတ်လိုက်သလို ဖောင်းဖောင်း ဖွာဖွာလေးဖြစ် လာပါ တယ်။
ဦးရေပြားကို တိုက်ရိုက် မထိပေမဲ့ ဆံပင်တွေ ပေါ်က လတ်ဆတ်တဲ့ အထိအတွေ့လေး က ခေါင်းလျှော်ပြီးစ အချိန်မှာ ကြည်လင်လန်းဆန်း နေ သလို မျိုး ပေါ့ပါးစေပါတယ်။
မိန်းကလေး ပီပီ လှချင်ပချင်တယ် ဆိုပေမဲ့ ဓာတုဆေးဝါး ပါဝင်တဲ့ အသုံးအဆောင်ဖြစ်တဲ့ အတွက် ဘေးထွက် ဆိုးကျိုးတွေကို အင်တာနက်မှာ ရှာဖွေပြီး ဖတ်ကြည့် မိပါတယ်။ ဘေးထွက် ဆိုးကျိုး ကတော့ ကျွန်မတို့ သုံးနေတဲ့ ရှန်ပူတွေ ဆံပင်ဆိုး ဆေးတွေ ဆံပင်ကောက်ဆေး ဖြောင့်ဆေးတွေမှာ တွေ့ရတတ် တဲ့ ဆိုး ကျိုးလေးတွေ နဲ့တူတူပါပဲ။
နည်းနည်းလေးမှ အထိခိုက် မခံတဲ့ Sensitive ဦးရေပြား ပိုင်ရှင်တွေ အနေနဲ့ Spray ထိရင် ဦးရေပြား ယားတာမျိုး၊ ဦးရေပြား အနီရောင် သန်းလာတာ မျိုးတွေ ဖြစ် တတ်ပါတယ်။ဆိုးဆေး တွေ Shampoo တွေနဲ့မတည့်ရင် ဖြစ်တတ်တဲ့ ဆံပင်တွေ ဖွာသွားတာမျိုး ဆံသားက အဆီတွေ ခန်းခြောက် သွားတာ မျိုးတွေလည်း ရှိပါတယ်။
သာမန် ဦးရေပြားနဲ့ သာမန်ဆံကေသာ ပိုင်ရှင်တွေ အတွက် ဆိုးကျိုး များများစားစား မရှိ ပေမဲ့ နေ့စဉ် သုံးဖို့ကိုတော့ မတိုက်တွန်း ထားပါဘူး။ နေ့စဉ်သုံးခြင်း အားဖြင့် ဆံပင်တွေပေါ်မှာ အေးမြ လန်းဆန်းတဲ့ အထိအတွေ့ ရှိနေပေမဲ့ ပုံမှန်ခေါင်း လျှော်သလို ရှိရှိသမျှ အညစ်အကြေး ကို မဖယ်ရှား နိုင်ပါဘူး။
ရံဖန်ရံခါ သုံးဖို့ အတွက်တော့ အဆင်ပြေ လွယ်ကူ အချိန်ကုန် သက်သာသလို မူလဆံပင်ပုံစံ မပျက်စေဘဲ လှပ သန့်ရှင်းစေတဲ့ Shampoo တစ်မျိုးပါ။
ဦးရေပြား အမြဲတမ်း သန့်ရှင်းပေါ့ပါးနေမှ နေပျော်သူတွေ နှစ်သက်စေမယ့် Shampoo လေးမို့ ဖုန်ထူထူ နေပူပူထဲ သွားရတဲ့ အချိန်တွေမှာ အိတ် ထဲမှာ မရှိမဖြစ်ဆောင် ထားသင့်တဲ့ အလှကုန်လေး ပါပဲ။ အလုပ်ကိစ္စနဲ့ ခရီးမကြာခဏ ထွက်တတ်သူ တွေ ရေပြောင်းမြေပြောင်း မှာ ခေါင်းမလျှော် ချင်ဘူး ဆိုရင်လည်း ယာယီ အသုံး တည့် ပါသေး တယ်။
ကျွန်မကတော့ ခရီး သွားချိန်တွေမှာ ခရီး ဆောင် Shampoo အဖြစ်သုံးဖို့ ရည်ရွယ်ထား သလို ခေါင်းလျှော်ဖို့ အဆင်မပြေသေးတဲ့ အချိန် တွေမှာ အလွယ်တကူ သုံးနိုင် ဖို့ မှန်တင်ခုံပေါ်မှာ Dry Shampoo လေး အတွက် နေရာလေး တစ်ခု ပေးခဲ့ပြီးပါပြီ။ Sephora ကထုတ်တဲ့ Shampoo လေးရဲ့ ဈေးနှုန်း ကတော့ အမေ ရိကန် ဒေါ်လာ ၁ဝ ဒေါ်လာ နဲ့ညီမျှတဲ့ ယူအေအီးငွေ ၃၆ ကျပ် ပါ။
နှင်း (မာယာ)